Saturday, March 1, 2014

မာတာပိတု ဥပဋ္ဌာနံ- မိဘတို့ကို လုပ်ကျွေးပြုစုခြင်း



တက္ကသိုလ် ဆရာတစ်ယောက်က အသက်နှစ်ဆယ် ဝန်းကျင် တက္ကသိုလ်ကျောင်းသားလေး တစ်ယောက်ကို လက်ဖက်ရည်ဆိုင်မှာ အောက်ပါသမိုင်းရာဇဝင်လေးတစ်ခုကို ပြောပြပါတယ်။

"မင်းတုန်းမင်းကြီးလက်ထက်က ပညာရှိအမတ်ကြီး ဦးချိမ့်ဆိုတာ ရှိတယ်။ ဦးချိမ့်ဟာ သူ့အမေရဲ့  ထဘီကို ကိုယ်တိုင်လျှော်ပေးတယ်။ အိမ်ဖော်လို့ခေါ်တဲ့ အခိုင်းအစေတွေရှိပေမယ့် ဘယ်တော့မှ မလျှော်ခိုင်းဘူးတဲ့။

သူ့ရဲ့ လျှော်ပုံကတော့ သူ့အမေရဲ့  ထဘီကို အင်တုံထဲမှာ တစ်ညဥ့် စိမ်ထားလိုက်တယ်။ မနက်ကျတော့မှ အင်တုံထဲထည့်ထားတဲ့ ထဘီကို နှိပ်ညှစ်ပြီး အင်တုံထဲမှာ ရှိနေတဲ့ ထဘီချေးရေတွေကို သွန်မပစ်ဘဲ သိမ်းထားလိုက်တယ်။ ထဘီကိုတော့ ဆက်လျှော်ပေါ့ ။

တအောင့်လောက်ကြာတော့ ထဘီစိမ်ထားတဲ့ အင်တုံထဲက အပေါ်ယံရေကြည်တွေကို သွန်ပစ်လိုက်တယ်၊ ဒီတော့ အင်တုံထဲမှာက ထဘီချေး အနှစ်ကလေးတွေ ကျန်နေခဲ့တယ်။

အဲဒီ ချေးအနှစ်ကလေးတွေကို နေလှမ်း၊ ခြောက်တဲ့အခါကျတော့ ကျောက်ပြင်မှာ မှုန့်အောင်ကြိတ်တယ်။ အမှုန့်ကလေးတွေလည်း ရလာရော သူတို့ခေတ်ကရှိတဲ့ နံ့သာဆီတို့ ပန်းပေါင်းဆီတို့ သနပ်ခါးတို့နဲ့ ရောကြိတ်ပြီး နားပန်တယ်။

ပညာရှိအမတ်ကြီး ဦးချိမ့်ဟာ နန်းတော်ဘုရင်ဆီ အခစားဝင်တဲ့အခါတိုင်း စောစောပြောခဲ့တဲ့ အမေ့ထဘီချေမှုန့်လေးတွေကို ပန်ပန် ဝင်လေ့ရှိတယ်တဲ့။ သူတို့ခေတ်ကတော့ နားပန်တာပေါ့လေ။

ပညာရှိ အမတ်ကြီး ဦးချိမ့်ဟာ အမေ့ထဘီချေးကို အမြဲပန်ခဲ့တာနဲ့ဘဲ ဘဝမှာ အစစအရာရာ အဆင်ပြေခဲ့တယ်တဲ့။ ဘုရင်ကလည်း ဘွဲ့တွေ အများကြီး ချီးမြှင့်ခဲ့တယ်။ ပြီးတော့ အင်္ဂလန်၊ ပြင်သစ်၊ စပိန်၊ အီတလီစတဲ့ နိုင်ငံတွေကိုလည်း သံတမန်အနေနဲ့ သွားရောက်ခဲ့ရတယ်။

အဲဒီနိုင်ငံက နိုင်ငံခေါင်းဆောင်ကြီးတွေကလည်း သူ့ကို ဂုဏ်ထူးဆောင်ဘွဲ့ တံဆိပ်တွေ ဆပ်ကပ်လိုက်တယ်တဲ့”

ဆရာလုပ်သူက တပည့်ကျောင်းသားကို ဦးချိမ့်အကြောင်းအပြင် တခြားရာဇဝင်တွေကိုလည်း လက်ဖက်ရည်သောက်ရင်းနဲ့ ဆက်ပြောပြနေပါသေးတယ်။

လက်ဖက်ရည်ဆိုင်ကပြန်တော့ တက္ကသိုလ်ကျောင်းသားလေးဟာ သူ့ဆရာပြောလိုက်တဲ့ ဦးချိမ့် အကြောင်းကို ခေါင်းထဲက မထွက်တော့ပါဘူး။

ဒါကြောင့် အိမ်ပြန်ရောက်ရောက်ချင်းဘဲ အမေဖြစ်သူရဲ့  ထဘီကို ပုံးလေးတစ်ခုထဲမှာ စိမ်ထားလိုက်ပြီး ပညာရှိ အမတ်ကြီးဦးချိမ့် ပြုမူခဲ့တဲ့အတိုင်း ပြုမူတော့တာပါဘဲ။

ဒီဘက်ခေတ်မှာတော့ ထဘီချေးမှုန့်လေးတွေနဲ့ ရောလိမ်းစရာ အလှဆီပစ္စည်းတွေက ယောက်ျားသုံး ၊ မိန်းမသုံးဆိုပြီး အများကြီး ရှိနေပါပြီ။

ဒီတော့ တက္ကသိုလ်ကျောင်းသားလေးဟာ ကျောင်းသွားခါနီးတိုင်း အမေ့ထဘီ ချေးမှုန့်လေးတွေကို သနပ်ခါးနဲ့ မျက်နှာမှာ လိမ်းလိမ်းသွားလေ့ ရှိပါသတဲ့။

တစ်နေ့တော့ နိုင်ငံခြားပညာတော်သင် လွှတ်ဖို့ ကျောင်းသားသုံးယောက် ရွေးချယ်မယ့် သတင်းထွက်လာပါတယ်။ သုံးယောက်ဘဲ လွှတ်မှာဆိုပေမယ့် အရွေးပြိုင်မယ့် ကျောင်းသားတွေက အယောက်တစ်ရာလောက်ရှိနေပါတယ်။

တက္ကသိုလ်ကျောင်းသားလေးလည်း မနက်ရောက်တာနဲ့ အမေ့ထဘီချေးမှုန့်လေးတွေကို မျက်နှာတင် မကတော့ဘဲ ခန္ဓာကိုယ်အထက်ပိုင်း တစ်ခုလုံးကို လိမ်းပြီး ရေးဖြေ နှုတ်ဖြေတွေနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။

နောက်ဆုံးတော့ ပညာသင်လွှတ်ဖို့ ကျောင်းသားသုံးယောက် ရွေးချယ်တဲ့အထဲမှာ တက္ကသိုလ်ကျောင်းသားလေး ပါသွားတော့တာပါပဲ။

နောက်ဆက်တွဲ ထပ်သိရတာကတော့ အဲဒီတက္ကသိုလ်ကျောင်းသားလေးဟာ ( အခုတော့ လေးဆယ်ကျော် လူလတ်ပိုင်း တစ်ယောက်ပေါ့လေ) အမေ့ထဘီကို ဒီနေ့အထိ လျှော်ပေးနေသလို အလုပ်အတွက် အရေးကြီးတဲ့ လူကြီးတွေနဲ့ တွေ့ဆုံရတဲ့ အခါမျိုးတွေမှာ အမေ့ထဘီချေးမှုန့်လေးတွေကို လိမ်းပြီးမှသွားလေ့ ရှိပါတယ်တဲ့။

ရယ်စရာပြောတာတော့ မဟုတ်ပါဘူး၊ သူချစ်တဲ့ကောင်မလေးကို ရည်စားစကား သွားပြောတုန်းကလည်း အမေ့ထဘီချေးမှုန့်လေးကို လိမ်းပြီးသွားပြောလိုက်တာ အဖြေကို တစ်ခါတည်း တန်းရခဲ့ပါသတဲ့ ။

(ရဝေနွယ်-အင်းမ) မင်္ဂလာအတွေးများမှ

No comments:

Post a Comment