Saturday, March 1, 2014

ရှေးကတင်ကြို ပြုခဲ့ဖူးသည့် ကောင်းမှုအထူးရှိပါစေ



တစ်ခါတုန်းက ထင်းခွေသမားတစ်ယောက်ရှိပါတယ်။တနေ့တော့ ထင်းခွေသမားဟာ ထင်းခွေရင်းနဲ့ပဲ မှောင်သွားပါတယ်။မှောင်သွားပြီဆိုတော့ မြို့ တံခါးလည်းပိတ်သွားပြီဆိုတော့ မြို့ ထဲဝင်လို့မရတော့ပါဘူး။

ဒီတော့ နတ်ကွန်းတစ်ခုမှာဝင်အိပ်လိုက်ပါတယ်။အဲဒီနတ်ကွန်းမှာ ယတြာအဖြစ်လွှတ်ထားတဲ့ ကြက်တွေလည်း ရှိပါတယ်။မှောင်ပြီဖြစ်လို့ နတ်ကွန်းအနီး သစ်ပင်မှာ ကြက်တွေအိပ်နေကြပြီး မိုးသောက်ကာလည်းရောက်ရော အပေါ်ကိုင်းမှာ အိပ်တဲ့ ကြက်တစ်ကောင်ဟာ မစင်စွန့်လိုက်တာ အောက်ကိုင်းမှာ အိပ်နေတဲ့ ကြက်ကိုယ်ပေါ်ကို ကျသွားပါတယ်။ ပထမတစ်ကြိမ် စကားနဲ့သာ ရန်ဖြစ်ပေမယ့် ဒုတိယတစ်ကြိမ် မစင်ကိုယ်ပေါ်ကျလာတဲ့အခါ အောက်မှာရှိတဲ့ ကြက်က အပေါ်ကကြက်ကို တက်ခွပ်ပါတော့တယ်။
နှစ်ကောင် ခွပ်ရင်း မောလာတော့ ခန္ဓာကိုယ်ချင်း ဆက်ပြိုင်လို့ မဖြစ်တော့ ဒေါသကလည်း မပြေသေးတာနဲ့ နှုတ်နဲ့ တစ်ခါ ဆက်ပြိုင်ကြပြန်ပါတယ်။
အောက်ကိုင်းက ကြက်က စပြောတယ်။ “မင်းက ငါ့ကို ဘာမှတ်နေလို့လည်း၊ ငါ့အသားကို ကင်စားတဲ့သူဟာ ချက်ချင်း အသပြာတစ်ထောင်ရတယ်”

ဒီတော့ အပေါ်ကိုင်းက ကြက်က “ မင်းအသားစားလို့ အသပြာတစ်ထောင်ရတာ စကားထဲထည့်မပြောနဲ့၊ ငါ့ကို သတ်ပြီး ငါ့ရဲ့ အတွင်းသားရင်းကို စားရင် စားတဲ့သူဟာ မင်းဖြစ်မယ်၊ အပသာမန်အသားကို စားရင် ယောက်ကျားဆို သေနာပတိ၊မိန်းမဆို မိဖုရားရာထူးရမယ်။ အရိုးအကြွင်းအကျန်စားတဲ့သူဟာ လူဖြစ်ရင် ဘဏ္ဍာစိုး ရဟန်းဆိုရင် မင်းဆရာဖြစ်မယ် ဘာမှတ်နေလဲ” ဟုပြန်ပြောပါတယ်။
ထင်းခွေသမားလည်း ချက်ချင်းပဲ အပေါ်ကိုင်းက ကြက်ကို ရိုက်သတ်ပြီး အိမ်ယူလာ ဇနီးဖြစ်သူကို ချက်ခိုင်းတယ်။ပြီးတော့ ဇနီးကို “ ရှင်မရေ ဒီကြက်ဟာ အစွမ်းအာနုဘော်ကြီးတယ် ငါပြောသလို စားကြရင် ငါက မင်းဖြစ်မယ်၊မင်းက မိဖုရားဖြစ်မယ်။ ထမင်းနဲ့ ဒီကြက်သားကို ယူခဲ့ ဂင်္ဂါမြစ်မှာ သွားရေချိုးပြီးမှ စားကြတာပေါ့”

ဒီလိုနဲ့ ထမင်းနဲ့ ကြက်သားကို မြစ်ဆီယူလာပြီး ထမင်းမစားခင် ရေဆင်းချိုးကြပါတယ်။ရေချိုးနေစဉ်မှာပဲ လေပွေတစ်ချက်တိုက်လိုက်တာ ထမင်းတောင်းက မြစ်ထဲကျပြီး မျောပါသွားပါတော့တယ်။အဲဒီအချိန် မြစ်အောက်နားမှာ ဆင်ဆရာတစ်ယောက်က ရေချိုးနေပြီး မျောလာတဲ့ ထမင်းတောင်းကိုတွေ့တော့ ဆယ်ယူဖွင့်ကြည့်လိုက်ပါတယ်။ပြီးတော့ မယားဖြစ်သူဆီပို့လိုက်ပါတယ်။ သူမလာမချင်း ထမင်းတောင်းမဖွင့်ဖို့လည်း တစ်ခါတည်းမှာလိုက်ပါတယ်။

ဆင်ဆရာမှာ အမြဲဆည်းကပ်ကိုးကွယ်နေတဲ့ ရသေ့တစ်ပါးလည်းရှိပါတယ်။ရသေ့က ဒိဗ္ဗစက္ခုအဘိဥာဏ်လည်းရပြီးသားဆိုတော့ သူ့ဒကာကို ဘယ်လိုချီးမြှောက်ရမလဲလို့ ဆင်ခြင်ကြည့်နေတဲ့အချိန်ဆိုတော့ ထူးခြားမှုကိုမြင်ပြီး ဆင်ဆရာအိမ်ကို သူက အရင်ရောက်အောင် ကြွသွားပါတယ်။ ဆင်ဆရာ အိမ်ပြန်ရောက်တော့ သူ့ဆရာရသေ့ကို မြင်တာနဲ့ ကြက်သားဆွမ်းကပ်ဖို့ လုပ်ပါတယ်။ ဆရာရသေ့က “သင်တို့ ငါစီစဉ်တဲ့ အတိုင်းပြုကြ” လို့ပြောပြီး ကောင်းမြတ်တဲ့ အတွင်းသားတွေကို ဆင်ဆရာကို စားစေပါတယ်။အပသားကို ဆင်ဆရာဇနီးကိုကျွေးပြီး သူကတော့ အရိုးအရင်းလောက်ပဲ စားခဲ့ပါတယ်။ ပြီးတော့ ဆင်ဆရာအား “ သင် နောက်သုံးရက်လောက်ကြာရင် မင်းဖြစ်လိမ့်မယ်။ သတိနဲ့နေပါ” လို့ပြောပြီး ပြန်ကြွသွားပါတယ်။

မကြာခင် အိမ်နီးချင်း မင်းတစ်ပါးက စစ်လာတိုက်ပါတယ်။ဒီတော့ ဆင်ဆရာရဲ့ မင်းက ဆင်ဆရာကို မင်းအသွင်ဝတ်ပြီး ရှေ့ ကနေ တိုက်ခိုင်းပါတယ်။မင်းအစစ်က နောက်ကနေ စီမံခန့်ခွဲပေးနေပါတယ်။ဒါပေမယ့် စစ်တိုက်နေစဉ် ရန်သူပစ်လိုက်တဲ့ မြှားတစ်စင်းဟာ မင်းအစစ်ကိုမှ မှန်ပြီး ကျဆုံးသွားပါတယ်။ မင်းအစစ်ကျပြီးနောက် ဆင်ဆရာက ငွေအသပြာတွေထုတ်ပြပြီး “ နိုင်အောင်တိုက်ကြ၊ နိုင်ရင် ဆုချမယ်” လို့ပြောပြီး တိုက်စေပါတယ်။နောက်ဆုံးတော့ ဆင်ဆရာတို့ နိုင်သွားတယ်။
စစ်ပွဲပြီးတော့ မင်းမြှောက်ဖို့ ပြဿနာဟာ အချိန်တိုနဲ့ ပြေလည်သွားပါတယ်။ ဆင်ဆရာကိုပဲ မင်းမြှောက်လိုက်ကြပါတယ်။

(ငါးရားငါးဆယ်ဇာတ်ဝတ္ထု-သီရိဇာတ်)

ဒီဝတ္ထုရဲ့ ထူးခြားချက်လေးကတော့ ရှေးကပြုခဲ့ဖူးတဲ့ ကုသိုလ်ကောင်းမှုအထူးပါမလာခဲ့ရင် ဘယ်လို ထူးခြားတဲ့အခြေနေနဲ့ပဲ ကြုံပါစေ ကြီးပွားမှာမဟုတ်ဘဲ ကုသိုလ်အထူးပါလာရင်တော့ ကြီးပွားတိုးတက်မှာ ဖြစ်ပါတယ်။
( ရဝေနွယ်-အင်းမ) မင်္ဂလာအတွေးမှ အကျဉ်းချုပ်ပူဇော်သည်။

No comments:

Post a Comment